ကချင်ဌာနေဒေသခံလူထု၏ မြေယာစီမံအုပ်ချုပ်မှု၊ မြေယာအသုံးချမှု မူဝါဒ အကြံပြုစာတမ်း

ကချင်ဒေသ၏မြေယာမူဝါဒများချမှတ်ရာတွင် ဤမူဝါဒအကြံပြုစာတမ်းသည် ဖက်ဒရယ်ဒီမိုကရေစီ၊ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့်တို့ကိုကျင့်သုံးရာ ၌ အထောက်အကူပြုစေရန်နှင့် ကချင်ဌာနေဒေသခံလူထုကို အဓိကထားမျက်နှာမူသော မြေယာနှင့်ပတ်သက်၍စီမံအုပ်ချုပ်မှုများနှင့်မြေအသုံးချမှုစနစ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။သို့ဖြစ်၍ တိုင်းပြည်တစ်ပြည်၏ဥပဒေလုပ်ထုံးလုပ်နည်းများ စည်းနှောင်အား ရှိစွာဆောင်ရွက်နိုင်ရန်အတွက်မူဝါဒသည် လွန်စွာ အရေးကြီးလှပါသည်။ထို့အတူမူဝါဒများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့်အဖွဲ့အစည်းများလည်း ရှိရမည် ဖြစ်ပါသည်။သို့မှသာလက်တွေ့အသုံးချမည့်မြေများနှင့်ပတ်သက်၍သတ်မှတ်ခွဲခြားနိုင်မည်ဖြစ်ပါသည်။ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်အစိုးရမှ မြေယာမူဝါဒများရေးဆွဲချမှတ်ရာတွင် ဤမူဝါဒအကြံပြုစာတမ်းပါ အချက်အလက် များကို တရားဝင်အသိအမှတ်ပြု၍ လက်တွေ့အသုံးပြုကျင့်သုံးဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။
နောင်တွင် ကချင်ဌာနေဒေသခံပြည်သူများ၏ ကြုံတွေ့နေရသော မြေယာသိမ်းဆည်းမှုပြဿနာအဖြစ်ဆိုးများ ထပ်မံမကြုံတွေ့ရလေအောင်ပြည်သူများ၏မြေယာများကိုအကာအကွယ်ပေးသည့်မြေယာနှင့်သက်ဆိုင်သောဥပဒေများ ပြဌာန်းလာနိုင်စေရန်အတွက်ရည်ရွယ်၍ဤမူဝါဒအကြံပြုစာတမ်းကိုထုတ်ဝေရခြင်းဖြစ်ပါသည်။အထူးသဖြင့်ယခင် ကတည်းက ကျင့်သုံးလျက်ရှိသော ကချင်ဒေသ Kachin Customary Law အား ပြန်လည် အသက်သွင်းနိုင်ရန် အထိ ရည်ရွယ်ပါသည်။
ဤကချင်ဌာနေဒေသခံလူထု၏ မြေယာစီမံအုပ်ချုပ်မှု၊ မြေယာအသုံးချမှု မူဝါဒ အကြံပြုစာတမ်းစာအုပ် ဖြစ်ပေါ်လာရန်အတွက် မြေသိမ်းယူခြင်းပြဿနာကို လက်တွေ့ကြုံတွေ့ရသော ဟူးကောင်းချိုင့်ဝမ်းဒေသ၊မြစ်ဆုံဒေသ၊ ပူတာအိုဒေသ၊ ချီဖွေဒေသ ၊ ဆော့လော်ဒေသ၊ ဖားကန့် ဒေသ၊ ဝိုင်းမော်ဒေသ၊ ဗန်းမော်ဒေသ များရှိ ကချင်ဌာနေ ဒေသခံ လူထုများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ အလုပ်ရုံဆွေးနွေးပွဲအကြိမ်ကြိမ်ပြုလုပ်ခြင်း၊ ကွင်းဆင်းလေ့လာခြင်းဖြင့် ရရှိ လာသော အချက်အလက်များ၊ မြေယာနှင့်ပတ်သက်သော သုတေသီများ၏စာအုပ်စာတမ်းများနှင့် အင်တာနက်ဝက်ဆိုဒ် များမှ ကိုးကားခြင်း၊ မြေယာနှင့်သဘာဝအရင်းအမြစ်နှင့်ပတ်သက်၍ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ (KDNG)၏ (၁၀) နှစ်ကျော်သုတေသနပြုလုပ်ခဲ့သော အတွေ့အကြုံများကို အခြေခံ၍ သုတေသနပြုလုပ် ရေးဆွဲထားခြင်း ဖြစ်ပါသည်။

အပြည့်အစုံယူရန်