နောက်ခံသမိုင်း

ကျောက်စိမ်းသည် တရုတ်သမိုင်းတလျှောက် ပြိုင်ဘက်ကင်းသည့် အဆင်တန်ဆာ တော်ဝင် ကျောက်မျက်ရတနာတပါးဖြစ်သည်။ (Nephrite) အမည်ရှိတဲ့ ကျောက်စိမ်းကို တရုတ်ပြည်မှာ တူးဖော်နေတဲ့တချိန်တည်းမှာ မြန်မာနိုင်ငံက (jadeite) ကျောက်စိမ်း ၀ယ်လိုအား မြင့်တက်လာပြီး ဈေးကွက်ကို ဦးဆောင်နေသည်။ အရည်အသွေးပြည့်ဝသည့် ကျောက်စိမ်း ကျောက်မျက်ရတနာ အထူးသဖြင့် အဖိုးတန်အစိမ်းရောင် (jadeite) ကျောက်စိမ်းကို မြန်မာနိုင်ငံ တွင်သာ တွေ့ရှိရသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်ရှိ ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ရေးတွင် ကမ္ဘာနှင့်ချီကာ နာမည်ကြီးသည့် ဒေသဖြစ်သည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာကပင် အသေးစားကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများကို ဒေသခံများမှ လုပ်ကိုင်ခဲ့ကြပြီး ၁၉၉၄ ခုနှစ် မြန်မာစစ်အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်မတော်မှ အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာ လျှင်မြန်စွာ ကြီးမားတိုးပွားလာခဲ့သည်။ ထိုအချိန်မှစ၍ တရုတ်စီးပွားရေးအများအပြားနှင့် အခြားနိုင်ငံခြား ကုမ္မဏီများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့သည်။

ယနေ့အချိန်တွင် မြန်မာစစ်အစိုးရသည် အသေးစားနှင့် လွတ်လပ်သည့် ပုဂ္ဂလိက ကုမ္မဏီများအား တူးဖော်ရေးလုပ်ငန်းများမှ ရပ်တန့်စေကာ ရောင်းဝယ်ရေးများကို ရန်ကုန်ရှိ အစိုးရ၀န်ကြီးဌါနမှ ပြုလုပ်သည့် အမျိုးသားကျောက်စိမ်းရောင်းဝယ်ရေးအောက်မှ တဆင့် ရောင်းဝယ်မှုပြုလုပ်ရန် အတင်းအကြပ် ရောင်းချခိုင်းစေခြင်းဖြင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း အပါအ၀င် ကျောက်မျက်ရတနာနှင့် ပတ်သက်သည့် လုပ်ငန်းအားလုံးအပေါ် ၄င်း၏ ထိန်းချုပ် ကိုင်တွယ်မှုကို ထိရောက်စွာ စုစည်းနိုင်ခဲ့ပြီဖြစ်သည်။ ယခုလက်ရှိတွင် ကျောက်မျက်ရတနာသည် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး တင်ပို့ကုန်ဖြစ်နေပြီး စစ်အစိုးကို နိုင်ငံခြားဝင်ငွေရရှိအောင် လုပ်ဆောင်ပေး နေသည့်အရေးကြီးသည့် အရင်းအမြစ်တခုဖြစ်သည်။

စိုးရိမ်ချက်များ

လူမှုရေးထိခိုက်နစ်နာမှုများ

ဖားကန့်နယ်မြေအတွင်း မြန်မာနိုင်ငံတ၀ှမ်းရှိ မြန်မာနိုင်ငံသားများနှင့် တရုတ်နိုင်ငံမှလာသော တရုတ်လူမျိုးများအပါအ၀င် လူဦးရေ ၅၀၀၀၀၀ ကျော် နေထိုင်လျှက်ရှိသည်။ ယခင်က အသေးစား တူးဖော်ရေးလုပ်ငန်းများတွင် တစိတ်တပိုင်းရင်းနှီးမြှုပ်နှံငွေ ပါဝင်နိုင်ခဲ့သော တူးဖော်ရေး အလုပ် သမားများမှာ ယခုအခါတွင် တူးဖော်ရေးကုမ္မဏီကြီးများ၏ နေ့စားအလုပ်သမားများဖြစ် လာပြီး တနေ့လျှင် အမေရိကန် ၁ ဒေါ်လာအောက်သာ ၀င်ငွေရကြသည်။ အလုပ်သမားများ၏ လုပ်ငန်းခွင်အခြေအနေများမှာ အသက်အန္တရာယ်ထိခိုက်နိုင်သည့် အခြေအနေများဖြစ်ပြီး မတော်တဆ ထိခိုက်မှုများ၊ ဒဏ်ရာရမှုများနှင့် သေဆုံးမှုများအတွက် မှတ်တမ်း သို့မဟုတ် နစ်နာကြေးငွေ ပေးမှုများအပါအ၀င် ထိုအန္တရာယ်များမှ ကာကွယ်ပေးမှုများလုံးဝမရှိပေ။

ကုမ္မဏီတွင် အလုပ်မရနိုင်သောသူများကမူ မြေနှင့်ကျောက်များကို ခွဲခြားသည့် (Yemase) ခေါ် ကျောက်ကောက်သူများအဖြစ် လုပ်ကိုင်ကြသည်။ အကယ်၍ ထိုသူများမှ ကုမ္မဏီပိုင်ပစ္စည်းများ ရှာဖွေတွေ့ရှိလျှင် ကုမ္မဏီလုံခြုံရေးဝန်ထမ်းများ၏ စောင့်ကြည့်ခြင်း၊ ရိုက်နှက်ခြင်းများနှင့် အသတ် ခံရခြင်းများကိုလည်း ခံကြရသည်။ တခါတရံ ထိုသို့ အပြစ်ပေးမှုများကို လုပ်ဆောင်ရန်အတွက် အစိုးရစစ်သားများကို ငှားရမ်းလေ့ရှိသည်။

မူးယစ်ဆေးဝါးထိုးခြင်းအပါအ၀င် မူးယစ်ဆေးဝါးသုံးစွဲမှုသည် ကျောက်စိမ်းတူးဖော်သည့် နေရာဒေသများတွင် နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။ ဘိန်းဖြူ၊ ဘိန်းစိမ်း၊ စိတ်ကြွဆေးများနှင့် အခြား မူးယစ်ဆေးဝါးများနှင့် ရောစပ်သည့် မူးယစ်ဆေးဝါးအမျိုးမျိုးလည်း ရရှိနိုင်သည်။ တူးဖော်ရေးကုမ္မဏီနှင့် ဒေသခံအာဏာပိုင်များမှလည်း ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ များပြားလာခြင်းနှင့် ပါဝင်ပတ်သက်လျှက်ရှိသည်။

မူးယစ်ဆေးဝါးထိုးသွင်းခြင်းနှင့်အတူ တိုးတက်လာသည့် လိင်မှုဆိုင်ရာဖျော်ဖြေမှုလုပ်ငန်းများ တိုးတက်လာခြင်းသည်လည်း ဖားကန့်ဒေသအတွင်း HIV/AIDS ရောဂါဆိုးကြီး ပိုမိုကူးစက်ပြန့်ပွားမှုကိုဖြစ်ပေါ်စေပြီး တရုတ်နယ်စပ်အထိပြန့်နှံ့လျှက်ရှိသည်။

အမျိုးသမီးနှင့်ကလေးများအပေါ် ဆိုးကျိုးသက်ရောက်မှုများ

ရေထုညစ်ညမ်းမှုများဖြစ်ပေါ်ပြီး ထိုမှတဆင့် ရောဂါဆိုးများနှင့် မွေးရာပါ ကိုယ်လက်အင်္ဂါချို့တဲ့မှုများ၊ ပိုမိုများပြားလာပြီး အစိုးရမှ ကျန်းမာရေးနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုများမှာ လုံးဝမရှိသလောက်ဖြစ်သည်။ နှစ်စဉ် ရာပေါင်းများစွာသော လူများမှာ ဖားကန့်ရှိ ညစ်ညမ်းသော ရေကို သောက်သုံးမိသဖြင့် ၀မ်းရောဂါဖြင့် သေဆုံးကြရပြီး အထူးသဖြင့် အမျိုးသမီးနှင့် ကလေးများတွင် ပိုမိုဖြစ်ပွားလျှက်ရှိသည်။

လယ်မြေသိမ်းပိုက်မှုများနှင့် အတင်းအဓမ္မပြောင်းရွှေ့ခိုင်းမှုများသည် ကျောက်မျက်ရတနာ တူးဖော်ရေး နယ်မြေသစ်ချဲ့ထွင်ရန်အတွက် အဓိကကျသည့် နည်းလမ်းတခုဖြစ်လာသည်။ ကျေးလက်တောရွာများမှ ကလေးငယ်များမှာလည်း မကြာခဏ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းမှု များကြောင့် ပညာမသင်ကြားနိုင်ပေ။ ထိုကဲ့သို့ သစ်တောများနှင့် လယ်မြေများအား ကျောက်မျက် တူးဖော်ရေးလုပ်ငန်းများမှ ၀ါးမြိုမှုများကြောင့် အမျိုးသမီးများအတွက် တောတွင်းနှင့် တောင်ယာ များတွင် သောက်သုံးရေသယ်ယူခြင်း၊ ထင်းခွေခြင်း၊ ဟင်းသီးဟင်းရွက်များနှင့် သဘာဝဆေးပင် များ ရှာဖွေခြင်းများကို ပိုမိုခက်ခဲလာစေသည်။ ထိုကဲ့သို့ လူနေမှုဘ၀များဆုံးရှုံးခြင်းများမှတဆင့် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှုများနှင့် လူကုန်ကူးခံရနိုင်သည့်အခြေအနေများကို ထပ်ဆင့်ဖြစ်ပွား စေသည်။

သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများ

နည်းလမ်းမမှန်သည့် တူးဖော်ရေးလုပ်ငန်းများကြောင့် တိုက်စားမှုများ၊ မကြာခဏ မြေပြိုမှု၊ ရေကြီးမှု၊ ညစ်ညမ်းမှုနှင့် အခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများကို ဖြစ်ပေါ်စေ သည်။ ဖားကန့်ကိုဖြတ်၍ စီးဆင်းသော အဓိကမြစ်ဖြစ်သည့် (Uru) မြစ်သည် လမ်းကြောင်းပြောင်း လဲမှုဖြစ်နေပြီး တူးဖော်ရေးလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများနှင့် ရွံရှာဖွယ်ကောင်းသော နီဝါရောင်အ သွင်ပြောင်းသွားသော စွန့်ပစ်အညစ်အကြေးများ ပြည့်နှက်ကာ စီးဆင်းနေပြီဖြစ်သည်။

အဖြေရှာခြင်း

  • ရေရှည်ဖွံ့ဖြိုးတိုးတက်သော စီမံကိန်းတခုတွင် လိုအပ်သော ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ လူမှုရေးတရားမျှတမှုနှင့် အခွင့်အရေးများ အသိအမှတ်ပြုမှုရှိစေရန် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီအစိုးရမရှိသရွေ့ မြန်မာနိုင်ငံတွင်းရှိ အကြီးစား သတ္တုတူးဖော်ရေးစီမံကိန်းပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုအားလုံးကို ရပ်တန့်ပစ်သင့်သည်။
  • ဒီမိုကရေစီအစိုးရမှ ရေရှည်တည်တံ့သော သတ္တုတူးဖော်ရေးမူဝါဒများကို ထိထိရောက် ရောက် ချမှတ်ဆောင်ရွက်သင့်သည်: ဒေသခံ ပြည်သူများမှ လုပ်ဆောင်နိုင်သော သဘာဝ ပတ်ဝန်းကျင်အရ ထိခိုက်မှုနည်းသည့် အသေးစား သတ္တုတူးဖော်ရေးသည် မြန်မာနိုင်ငံ တွင် တည်ရှိပြီးသားဖြစ်သည်။ ထိုကဲ့သို့ အသေးစားလုပ်ငန်းများကို အနာဂတ်တွင် ပိုမိုလုပ် ဆောင်သင့်သည်။
  • ထိခိုက်ခံရသည့် ပြည်သူများနှင့် ဖျက်ဆီးခံရသော နယ်မြေများအတွက် လုံလောက်သည့် လျော်ကြေးငွေပေးရန်လိုအပ်သည်။